သမ္မာကျမ်းစာကို

ဘယ်လိုဖတ်ရမလဲ

သမ္မာကျမ်းစာက အခြားစာအုပ်တွေနဲ့ ဘာကွာခြားသလဲ။

သမ္မာကျမ်းစာက သာမန်စာအုပ်မဟုတ်ပါဘူး။ ၎င်းက အခြားဘာသာတရားရဲ့ သန့်ရှင်းတဲ့ကျမ်းဂန် (ဝါ) အလေးအမြတ်ထားတဲ့ စာသားမျိုး မဟုတ်ပါ။ နှုတ်ကပတ်တော်ထဲက စကားလုံးတွေကို “အသက်ရှင်ပြီး လှုပ်ရှားသက်ဝင်ခြင်းရှိတဲ့အရာ” အဖြစ် ဖော်ပြထားပါတယ်။ (ဟေဗြဲ ၄း၁၂)

သမ္မာကျမ်းစာက ပုဂ္ဂိုလ်ရေး အလွန်ဆန်ပါတယ်။ ၎င်းက ဘုရားသခင်ကိုယ်တိုင် သင့်ကို ပေးပို့တဲ့ စာစောင်ဖြစ်ပါတယ်။ ဖန်ဆင်းရှင်ဘုရားသခင်ကိုယ်တိုင် ရေးသားခဲ့တဲ့စာဖြစ်ပြီး သူဘယ်လိုဘုရားမျိုးဖြစ်တယ်၊ သူဖန်ဆင်းထားတဲ့ သားသမီးများဖြစ်တဲ့ ကျွန်တော်တို့လူသားတွေနဲ့ ဘယ်လိုမိတ်သဟာရဖွဲ့ချင်တယ်ဆိုတာကိုဖော်ပြပေးတဲ့ ဖွင့်ပြချက်တစ်ခုဖြစ်ပါတယ်။ ၎င်းက ဘုရားသခင်ကိုယ်တိုင် သင့်ကိုတိုက်ရိုက်စကားပြောနိုင်တဲ့ နည်းလမ်းများထဲက တစ်ခုဖြစ်ပါ တယ်။

သမ္မာကျမ်းစာဖတ်ရှုဖို့ အကြံပြုချက်တချို့က ဘာတွေလဲ။

၁။ ဘုရားသခင်ဟာ သမ္မာကျမ်းစာကို ရေးသားတဲ့အရှင်ဖြစ်တဲ့အတွက် သင်ကျမ်းစာမဖတ်ခင် သင်ဖတ်ရှုမယ့် အရာတွေကို နားလည်နိုင်အောင် ဘုရားသခင်မစပေးဖို့ အရင်ဆုတောင်းသင့်ပါတယ်။ သခင်ယေရှုက ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဖြစ်တဲ့ သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်တော်တို့ကို သွန်သင်တဲ့ ဥပဇ္ဈာယ်ဆရာအဖြစ် စေလွှတ်မယ်လို့ ယော ၁၄း၂၆ မှာကတိပေးခဲ့ပါတယ်။ ဘုရားသခင်က ယုံကြည်သူတွေအတွက် ပညာကို စေတနာစိတ်နဲ့ပေးမယ်လို့ ယာကုပ် ၁း၅ မှာဖော်ပြထားပါတယ်။ ဒါကြောင့် သူ့ကို အကူအညီတောင်းလိုက်ပါ။ သင်ယူမိတဲ့အရာတွေနဲ့ပတ်သက်ပြီး မေးခွန်းတွေကိုမေးမြန်းဆင်ခြင်ရင်း သူ့ရဲ့တုံ့ပြန်ချက်တွေကို နှလုံးသားနဲ့ နားထောင်ပါ။

၂။ သမ္မာကျမ်းစာထဲက အကြောင်းအရာတွေကို အသေးစိတ်မလေ့လာခင် ပိုကြီးတဲ့အပိုင်းတွေကို အရင်လေ့လာပါ။ ကျမ်းစာအုပ်ရဲ့ အကြောင်းအရာတစ်ခုလုံးကို ခြုံငုံသိရှိနားလည်ခြင်းက အထဲက အသေးစိတ် ကြောင်းအရာတွေကို လွယ်ကူစွာနားလည်စေပါမယ်။

၃။ ကျမ်းစာဖတ်ရှုနေရင်း အောက်ပါအခြေခံမေးခွန်းတွေကို ဆင်ခြင်ပါ။

က) ဒီအကြောင်းအရာက ဘုရားသခင်နဲ့ပတ်သက်ပြီး ဘာသွန်သင်လဲ။

ခ) ဒီအကြောင်းအရာက လူတွေ(ဝါ) ကျွန်တော်တို့နဲ့ပတ်သက်ပြီး ဘာသွန်သင်လဲ။

ဂ) ဒီကျမ်းပိုဒ်ကိုအခြေခံပြီး ဒီတစ်ပတ်ထဲ ကျွန်တော်နာခံဖို့လိုအပ်တဲ့အရာတွေက ဘာလဲ။

ဃ) ဒီမှာလေ့လာမိတဲ့အကြောင်းအရာတွေကို ဘယ်သူ့ကိုထပ်ဆင့်မျှဝေနိုင်မလဲ။

၄။ သင်လက်ရှိအသုံးပြုနေတဲ့ ဘာသာပြန်ကျမ်းစာအုပ်နဲ့ စကားလုံးအသုံးအနှုန်းအနည်းငယ် ကွာခြားတဲ့ အခြားဘာသာပြန်ကျမ်းစာအုပ်တစ်မျိုးကို အသုံးပြုပါ။ ဒီထဲမှာပါရှိတဲ့ ကျမ်းညွှန်း တွေက ခေတ်သုံးမြန်မာစကား ဘာသာပြန်ကျမ်းစာအုပ်ထဲကဖြစ်ပါတယ်။

၅။ သင်တစ်ယောက်တည်း (ဝါ) အဖွဲ့လိုက်စုပြီး ကျမ်းစာဖတ်ရှုဆင်ခြင်ပါ။ အဖွဲ့လိုက်စုပြီး ကျမ်းစာ ဖတ်ရှုဆင်ခြင်တယ်ဆိုရင် အဖွဲ့ဝင်တစ်ယောက်ချင်းစီကို သူ/သူမကို ဘုရားသခင် သွန်သင်တဲ့ အရာတွေကို မျှဝေစေခြင်းဖြင့် အတူတကွခွန်အားယူနိုင်ပါတယ်။

သမ္မာကျမ်းစာကို သင်ကိုယ်တိုင်
ဘာကြောင့် ဖတ်သင့်သလဲ။

မဿဲ ၄း၄ မှာ “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည် မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှ အားဖြင့် အသက်ကို မွေးရမည် ကျမ်းစာလာသည်”ဟု ဖော်ပြထားပါတယ်။ နေ့စဉ် သမ္မာကျမ်းစာ ဖတ်ရှုဆင်ခြင်ခြင်းက ကျွန်တော်တို့ ဝိညာဉ်အတွက် စစ်မှန်တဲ့ အစာအာဟာရကို ဖြစ်စေပါတယ်။

ဒါ့အပြင် ဘုရားသခင်က သင်နဲ့ ကိုယ်တိုင်ကိုယ်ကျ မိတ်သဟာရဖွဲ့လိုတဲ့သူ ဖြစ်ပါတယ်။ သမ္မာကျမ်းစာ ဖတ်ရှုဆင်ခြင်ခြင်းက သူနဲ့ချိတ်ဆက်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို သင်ဖတ်ရှု ဆင်ခြင်ရင်း သူနှင့်စကားပြောနိုင်ပါတယ်။

ဆာလံ ၁၁၉း၁၀၅ မှာ “နှုတ်ကပတ်တော်သည် အကျွနု်ပ်ခြေ‌‌‌ရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွနု်ပ် လမ်းခရီးကို လင်းစေပါ၏” လို့ဖော်ပြထားပါတယ်။ ဘုရားသခင်က သင့်ကို သူ့နှုတ်ကပတ်တော်နဲ့ စကားပြောချင်တယ်၊ ဒီနေ့ သင့်အတွက် သူပေးချင်တဲ့သတင်းစကားကို ဖွင့်ပြချင်တယ်၊ သင့်ဘဝအတွက် လမ်းညွှန်ချက် ပေးချင်ပါတယ်။ သင့်ဘဝရဲ့ ခက်ခဲတဲ့အစိတ်အပိုင်းတွေကို ကျော်ဖြတ်နိုင်အောင် လမ်းပြပေးဖို့၊ သင်ရုန်းကန်နေရတဲ့အချိန်၊ သင်တစ်ယောက်တည်းအထီးကျန်နေတဲ့အချိန် သင့်ကို ခွန်အားပေးဖို့ သမ္မာကျမ်းစာကို ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ အကြံပေးချက်တွေက ထာဝရတည်မြဲတဲ့အတွက် ခေတ်အဆက်ဆက် စံချိန်မီနေဆဲ ဖြစ်တယ်။ သင့်အပေါ်မှာရှိတဲ့ သူ့ရဲ့မေတ္တာတော်ဟာလည်း ထိုအတိုင်းပါပဲ။