ဆာလံကျမ်း

ဆာလံကျမ်းက မတူညီတဲ့စာရေးသူများစွာနဲ့ ရေးသားသီကုံးထားတဲ့ ကဗျာ နှင့် သီချင်း စုဆောင်းမှုကြီးတစ်ခု ဖြစ်ပါတယ်။ ဆာလံကျမ်းထဲက ခေါင်းစဉ်အကြောင်းအရာတွေက ဝမ်းမြောက်ခြင်းဖြင့် ဂုဏ်တော်ချီးမွမ်းခြင်းတွေ၊ ကြည်ညိုကိုးကွယ်ခြင်း၊ ဒုက္ခဆင်းရဲခြင်း နဲ့ ဝမ်းနည်းပူဆွေးခြင်းဆိုင်ရာ မြည်တမ်းစကားတွေ၊ နောင်တရပြီး ရွေးနှုတ်ကယ်တင်ပေးဖို့ အသနားခံ တောင်းပန်ခြင်းတွေဖြစ်ကြပါတယ်။ ဒါ့အပြင် ဆာလံကျမ်းမှာ ဣသရေလ လူမျိုးတွေရဲ့ သမိုင်းအကြောင်း၊ ကဗျာဆန်ဆန်ဖွဲ့နွဲ့တင်စားထားတဲ့ ဘုရားသခင်၏ သဘောသဘာဝအကြောင်း နဲ့ တစ်ချိန်မှာထင်ရှားလာမယ့် မေရှိယအရှင်ကို ရည်ညွှန်းပရောဖက်ပြုထားတဲ့ ကျမ်းပိုဒ်တွေ ပါဝင်ပါတယ်။

ဆာလံကျမ်းမှာ ဝမ်းမြောက်တဲ့အချိန်နဲ့ ဝမ်းနည်းပူဆွေးတဲ့ အချိန်မှာ ဘုရားသခင်ကိုတိုင်တည်ပြီး ရေးသားထားတဲ့ သီချင်းတွေ ဖြစ်ကြပါတယ်။ စာရေးသူတွေရဲ့ ပြင်းပြတဲ့ စိတ်ခံစားချက် အသီးသီးကို ဖတ်ရှုသိမြင်နိုင်ပါတယ်။ ဒါကြောင့် ၎င်းတို့က ကျွန်တော်တို့ကို ဘုရားသခင်အား စိတ်ခံစားချက်အရှိအတိုင်း ရင်ဖွင့်ပြောဆို တတ်အောင် ကူညီပေးပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆာလံကျမ်းထဲက အခြေအနေမျိုး တွေ့ကြုံခံစားရတဲ့အခါ ဘုရားသခင်ဟာ ဘယ်သူဖြစ်ကြောင်း အမှတ်ရစေခြင်းဖြင့် ခွန်အားဖြစ်စေပါတယ်။

ယနေ့မှာ ဆာလံကျမ်းအထဲမှာတွေ့မြင်ရတဲ့ စကားလုံးတွေလို ဆုတောင်းခြင်းဖြင့် သင့်စိတ်ခံစားချက်တွေကို အရှိအတိုင်း ဘုရားသခင်ထံ ကိုယ်တိုင်ရင်ဖွင့်ပြီး တိုးဝင်ကိုးကွယ်နိုင်ပါတယ်။ ဆာလံကျမ်းပိုဒ်များစွာကို ကိုးကွယ်ခြင်း သီချင်းအဖြစ် ပြင်ဆင်ရေးသားထားပြီး အသင်းတော်နဲ့ မိတ်သဟာရအစည်းအဝေးလိုမျိုး အတူတကွ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်တွေမှာ အသုံးပြုကြပါတယ်။

“Selah - စေလာ” ဆိုတဲ့စကားလုံးကို ကျမ်းတစ်လျှောက်လုံးမှာ တွေ့ရပါတယ်။ ၎င်းက သီချင်းသီဆိုနေစဉ် ရပ်နားရမယ့် နေရာ (ရပ်နားရန်သင်္ကေတ) အဖြစ်ညွှန်ပြတဲ့ ရှေးဟောင်းဂီတသင်္ကေတတစ်ခုဖြစ်ပါတယ်။ ဒီရပ်နားရမယ့်နေရာကို ဆင်ခြင်ခွန်အားယူဖို့ခေတ္တရပ်နားတဲ့အချိန်လေးတစ်ခုအဖြစ်လည်း မှတ်ယူနိုင်ပါတယ်။

အွန်လိုင်းသမ္မာ ကျမ်းစာကို ဖတ်ရွတ်ပါ

ဤနေရာမှာ အွန်လိုင်းဆာလံကျမ်းကိုဖတ်ရွတ်ပါ။ အခန်းကြီးတွေကိုကြည့်ရှုဖို့ အခန်းကြီးပြစာရင်း (သို့မဟုတ်) ညွှန်မြှား ကိုအသုံးပြုပါ။