သမ္မာကျမ်းစာက အချက်အလက်တွေကို ဘယ်လိုရှာဖွေရမလဲ

သမ္မာကျမ်းစာမှာ ကျမ်းပေါင်း (၆၆) အုပ်ပါဝင်ပြီး ၎င်းတို့ကို ဓမ္မဟောင်းကျမ်း နဲ့ ဓမ္မသစ်ကျမ်းဆိုပြီး အပိုင်းနှစ်ပိုင်း ခွဲထားပါတယ်။ ဓမ္မဟောင်းကျမ်းထဲမှာ (၃၉) အုပ်ပါဝင်ပြီး ၎င်းတို့ကို သခင်ယေရှုဖွားမြင်ခြင်းမတိုင်မီကာလမှာ ရေးသားခဲ့ပါတယ်။ ဓမ္မသစ်ကျမ်းထဲမှာ (၂၇) အုပ်ပါဝင်ပြီး ၎င်းတို့ကို သခင်ယေရှုဖွားမြင်ပြီး နောက်ပိုင်း ကာလမှာ ရေးသားခဲ့ပါတယ်။

သင့်ကျမ်းစာအုပ်ရဲ့ အစပိုင်းမှာ သမ္မာကျမ်းစာအုပ်ထဲက ကျမ်းစာရင်းကို စာမျက်နှာနံပါတ်နှင့်တကွ ဖော်ပြ ပေးထားတဲ့ မာတိကာ တစ်ခုရှိပါတယ်။ ၎င်းကိုအသုံးပြုပြီး ကျမ်းအမျိုးမျိုးရဲ့ တည်နေရာကို ရှာယူနိုင်ပါတယ်။

ကျမ်းတစ်အုပ်စီကို အခန်းကြီးနံပါတ်တွေနဲ့ ခွဲထားပါတယ်။ အခန်းကြီးတစ်ခန်းစီကို အခန်းငယ်တွေနဲ့ ထပ်ဆင့် ခွဲထားပါတယ်။ ဥပမာ- က ၁း၂ လို့ပြောလိုက်ရင် ကျွန်တော်တို့က ကမ္ဘာဦးကျမ်းရဲ့ ပထမ အခန်းကြီး နဲ့ ယင်း အခန်းကြီးရဲ့ ဒုတိယမြှောက်အခန်းငယ်ကို ရည်ညွှန်းတာဖြစ်ပါတယ်။ အခြားဥပမာတစ်ခုမှာ ဆာ (၈) ဆိုတာက ဆာလံကျမ်း နံပါတ်(အခန်းကြီး) (၈) ကိုရည်ညွှန်းတာဖြစ်ပါတယ်။

ဓမ္မဟောင်းကျမ်းနဲ့ ဓမ္မသစ်ကျမ်းရဲ့ ခြားနားမှုက ဘာလဲ။

ဓမ္မဟောင်းကျမ်းက သမ္မာကျမ်းစာရဲ့ ပထမအပိုင်းဖြစ်ပါတယ်။ ၎င်းကို ဟေဗြဲဘာသာစကားဖြင့် ရေးသားခဲ့ ပါတယ်။ ဓမ္မဟောင်းကျမ်းမှာ ဖန်ဆင်းခြင်းအကြောင်း၊ ဘုရားသခင့်လူတွေရဲ့ သမိုင်းကြောင်းနဲ့ ဘုရားသခင့် အလိုတော်အတိုင်း လိုက်လျှောက်အသက်ရှင်ဖို့ ကျရှုံးခဲ့တဲ့အကြောင်းတွေကို ဖော်ပြထားပါတယ်။ ဒါ့အပြင် လူသားတွေ ဘုရားသခင်နဲ့ ပြန်လည် မိတ်သဟာရဖွဲ့နိုင်အောင် ဖော်ဆောင်ဖို့ ကယ်တင်ရှင်တစ်ပါးကြွလာမယ့် ကတိတော်အကြောင်းကိုလည်း ဖော်ပြထားပါတယ်။

ဓမ္မသစ်ကျမ်းဟာ သမ္မာကျမ်းစာရဲ့ ဒုတိယအပိုင်းဖြစ်ပါတယ်။ ၎င်းကို အာရမိတ်ဘာသာစကားနဲ့ အများသုံး ဂရိဘာသာစကားဖြင့် ရေးသားခဲ့ပါတယ်။ ဓမ္မသစ်ကျမ်းမှာ ဘုရားသခင်ရဲ့ကတိတော်ပြည့်စုံရာ သခင်ယေရှုရဲ့ ဘဝနဲ့ လောကအတွက် သူ့ရဲ့သတင်းစကားတွေကို ဖော်ပြထားပါတယ်။ ဓမ္မသစ်ကျမ်းရဲ့ ပထမဆုံး ကျမ်း (၄) အုပ်က ဒီအကြောင်းနဲ့ပတ်သက်ပြီ မတူညီတဲ့ လူလေးယောက်ရဲ့ရေးသားချက်တွေ ဖြစ်ပါတယ်။ ၎င်းတို့ကို ခရစ်ဝင်ကျမ်းများလို့ ခေါ်ပါတယ်။ ၎င်းမှာ သခင်ယေရှုနဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော်နှင့်ဆိုင်တဲ့ သတင်းကောင်း တွေ ပါဝင်ပါတယ်။ ဓမ္မသစ်ကျမ်းထဲမှာ ကနဦးအသင်းတော်သမိုင်းအကြောင်းလည်း ပါဝင် ပါတယ်။ ဒါ့အပြင် မတူညီတဲ့အသင်းတော်တွေရဲ့ မေးခွန်းတွေကို တုံ့ပြန်ဖြေရှင်းရင်း သခင်ယေရှုနောက် ဘယ်လိုလိုက်ရမယ်ဆိုတာ ညွှန်ကြားဖို့ ရေးသားပေးပို့တဲ့ စာစောင်တွေလည်း ပါဝင်ပါတယ်။ နောက်ဆုံးကျမ်းဖြစ်တဲ့ ဗျာဒိတ်ကျမ်းက အနာဂတ္တိကျမ်းဖြစ်ပြီး သခင်ယေရှု ကောင်းကင်ပေါ်သို့တက်ကြွသွားတဲ့နောက်ပိုင်း ဖြစ်လာမယ့်အရာတွေနဲ့ သက်ဆိုင်တဲ့ ကဗျာဆန်ဆန်နိမိတ်ပုံရိပ်တွေ ပါဝင်ပါတယ်။